နိုင်ငံတစ်ဝန်းက ထောင်သောင်းချီတဲ့ လူငယ်တွေ လက်နက်ကိုင်တော်လှန်ရေးမှာ
          အင်နဲ့အားနဲ့ ပူးပေါင်းခဲ့ကြပါတယ်။
        
      
      
        
          
          
            ၂၀၂၄ နိုဝင်ဘာ ၂၁ ရက် 
အေးအေးမွန်၊ ချမ်းမြေ့အောင်
          
          
            
          
         
        
          
            
              စစ်တပ်က
              အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ မတိုင်ခင်က လီပိုင်ဟာ ဂစ်တာနဲ့
              စန္ဒရားတီးတာ၊ သီချင်းဆိုတာ ဝါသနာပါတဲ့ ဆယ်တန်းကျောင်းသားတစ်ယောက်
              ဖြစ်ပါတယ်။ အနုပညာဝါသနာပါတဲ့ လီပိုင်တစ်ယောက် သူ့မွေးရပ်မြေ
              ရန်ကုန်ကနေ နိုင်ငံရပ်ခြားထွက်ပြီး ပညာသင်ဖို့ စိတ်ကူးထားတာပါ။
            
            
              ဒါပေမဲ့ အဲဒီအချိန်က အသက် ၁၆ နှစ်သာရှိသေးတဲ့ လီပိုင်ဟာ ၂၀၂၁ ခုနှစ်
              နှစ်ကုန်ပိုင်းမှာပဲ လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လာခဲ့ပါတယ်။
            
            
              "သား ဘာပဲလုပ်လုပ် ဆုံးအောင်လုပ်၊ ဒါပေမဲ့ မသေစေနဲ့"… ဆိုပြီး
              အမေမှာတဲ့စကားကို အမြဲကြားယောင်နေတယ်လို့ အခုအချိန်မှာ အသက် ၂၀
              အရွယ်ရှိနေပြီဖြစ်တဲ့ ရဲဘော်လီပိုင်က RFA ကို ပြီးခဲ့တဲ့ ဇူလိုင်လက
              ပြောပါတယ်။
            
           
         
       
      
        
        
          
            
              ရခိုင်ပြည်နယ် ဂွမြို့ဇာတိဖြစ်တဲ့ ရဲဘော်ဘာလီကတော့
              စစ်တပ်အာဏာသိမ်းချိန်က ရန်ကုန်မှာ မြန်မာစာပထမနှစ်နဲ့
              အဝေးသင်တက္ကသိုလ် တက်နေသူပါ။ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က
              ပစ်ခတ်ဖြိုခွင်းချိန် သူငယ်ချင်းတချို့ သေဆုံးတာကို
              သူကိုယ်တွေ့ကြုံခဲ့ရပါတယ်။ အဲဒီနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ
              သူလက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်ခဲ့ပါတယ်။
            
            
              “လက်နက်မဲ့ပြည်သူကို လက်နက်ပြပြီး ခြိမ်းခြောက်စရာ ဘာအကြောင်းမှ
              မရှိဘူး။ ကျွန်တော်တို့ လုံးဝ မခံမရပ်နိုင်ဘူး။ အဲ့ဒီအတွက်ကြောင့်
              ကိုယ်တိုင်လက်နက်ကိုင်ပြီး တိုက်မှရမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်နဲ့
              ကျွန်တော်တို့ ဒီကိုရောက်လာခဲ့တာ”… လို့ အသက် ၂၅ နှစ်အရွယ်
              ရဲဘော်ဘာလီက RFA ကို ပြောပြပါတယ်။
            
           
         
       
      
        
        
          
            
              မွန်ပြည်နယ် သထုံမြို့က အသက် ၂၇ နှစ်အရွယ် ကရင်တိုင်းရင်းသူလေး
              နော်စန္ဒာအေးဟာ အသက် ၂၀ ကျော်စ အရွယ်ကတည်းက ထိုင်းနိုင်ငံ
              ဘန်ကောက်မြို့က စက်ရုံတစ်ရုံမှာ
              ရွှေ့ပြောင်းအလုပ်သမားအဖြစ်နဲ့ နှစ်အတော်ကြာ အလုပ်လုပ်ရင်း မိဘတွေကို ထောက်ပံ့နေခဲ့သူပါ။
            
            
              ဒါပေမဲ့ အာဏာသိမ်းမှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို မြင်ရပြီးနောက်မှာ
              ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထဲ ဝင်ဖို့ သူ
              အိမ်ပြန်လာခဲ့ပါတယ်။
            
            
              “ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က မတရားမှုတွေကို တိုက်ဖျက်ဖို့ပဲ။
              အဲဒါကြောင့် ကျွန်မတို့အားလုံး လက်နက်ကိုင်ပြီး တိုက်နေတာ”… လို့
              နော်စန္ဒာအေးက ပြောပါတယ်။
            
           
         
       
      
        အခုတော့ နော်စန္ဒာအေး၊ ဘာလီ နဲ့ လီပိုင်တို့ဟာ
        ကရင်အမျိုးသားအစည်းအရုံး (KNU)
        တပ်မဟာ ၆ နယ်မြေ၊ မြဝတီခရိုင်ထဲက ကော်ဘရာနဲ့ ကျားသစ်နက်စစ်ကြောင်းတွေမှာ
        တာဝန်ထမ်းဆောင်နေကြပါတယ်။ ဒီလူငယ်တွေဟာ ရှေ့တန်းစစ်မျက်နှာမှာ
        စစ်အစိုးရတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို မကြာခဏ ရင်ဆိုင်ရပါတယ်။
        ဗုံးကြဲခံရလို့၊ တိုက်ပွဲဖြစ်လို့၊ ငှက်ဖျားရောဂါရလို့
        စတဲ့အကြောင်းတွေကြောင့် သူတို့ရဲ့ သူငယ်ချင်းတွေ အသက်ဆုံးခဲ့တာတွေလည်း
        ရှိပါတယ်။
      
      
        ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လာတာ သူတို့ချည်းပဲ မဟုတ်ပါဘူး။
        နိုင်ငံတစ်ဝန်းက လူငယ်ထုတစ်ရပ်လုံး လက်နက်ကိုင်တော်လှန်ရေးမှာ အင်နဲ့အားနဲ့
        ပူးပေါင်းခဲ့ကြတာပါ။ အဲဒီ အင်အားစုတွေထဲမှာ KNLA လို
        တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့
        လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်လည်း ပါဝင်ပါတယ်။ KNU
        တပ်မဟာ ၆ နယ်မြေတစ်ခုတည်းမှာတင် လူငယ်ထောင်ပေါင်းများစွာဟာ
        သူတို့တစ်ဦးချင်းစီရဲ့ ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး တစ်ခုတည်းသော
        ပန်းတိုင်အတွက် ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်းခဲ့ကြတာပါ။
      
      
        “ကရင်ပြည်နယ်မှာပဲဖြစ်ဖြစ်၊ တခြား ဘယ်တိုင်းရင်းသားဒေသမှာပဲဖြစ်ဖြစ်
        အားလုံးက ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို လိုချင်လို့ စစ်တိုက်တာ”… လို့
        နော်စန္ဒာအေးက ပြောပါတယ်။
      
      အချင်းချင်း ဖေးမရင်းရှေ့ဆက်
      
        လူငယ်တစ်ယောက် တော်လှန်ရေးသမားဖြစ်သွားပြီဆိုရင် စစ်ကောင်စီက
        
          မိသားစုဝင်တွေကို
        ဖမ်းဆီးနှိပ်စက်ပြီး လက်တုံ့ပြန်လေ့ရှိပါတယ်။ အဲဒါကြောင့် ဘာလီတို့လို
        လူငယ်တွေဟာ မိဘတွေရဲ့ သားသမီးအဖြစ်က စွန့်လွှတ်တာကို ရင်ဆိုင်ကြရပါတယ်။
      
      
        လူငယ်တော်လှန်ရေးသမား အတော်များများအတွက် ရဲဘော်ရဲဘက်တွေဆီက ရတဲ့
        ဖေးမကူညီမှုတွေကသာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပါ။
      
      
      
        
      
      
      
      
        “သင်တန်းတက်တယ်၊ ဒီရောက်တော့
        ငှက်ဖျားဖြစ်တယ်။ အဲဒီလို အားငယ်သွားတဲ့ အချိန်မျိုးဆို ဒီရဲဘော်တွေ၊ ဒီထဲက
        ညီအစ်ကိုမောင်နှမတွေက ကိုယ့်ကိုပြန်ပြီးတော့ ဆွဲတင်တယ်” လို့
        အဒေါ်ဖြစ်သူရဲ့ ကုန်စုံဆိုင်မှာ ဈေးကူရောင်းနေရာကနေ ၂၀၂၂ ခုနှစ် ဧပြီလမှာ
        ပြည်သူ့ကာကွယ်ရေးတပ်ထဲ ဝင်ရောက်လာခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ရဲမေမြတ်လေးက
        ပြောပါတယ်။
      
      
        အသက် ၁၆ နှစ်အရွယ် လီပိုင် ပထမဆုံးအကြိမ် ရှေ့တန်းထွက်ချိန်က
        သူ့မျက်စိရှေ့မှာတင် ရဲဘော်ရဲဘက်တွေ သေဆုံး၊ ဒဏ်ရာရတာကို မြင်ခဲ့ရပြီး
        အတော်လေး စိတ်ဓာတ်ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ အတွေ့အကြုံပိုရှိတဲ့
        ရဲဘော်ရဲဘက်တွေရဲ့ ဖေးမကူညီမှုနဲ့ အခုတာ့ သူဟာ တိုက်ပွဲတိုင်းပါတဲ့သူ
        ဖြစ်နေပါပြီ။
      
      
        “အဲ့ဒီတုန်းက ကျွန်တော်က သင်တန်းဆင်းခါစ၊ ပထမဆုံးသွားရတဲ့ တိုက်ပွဲဆိုတော့
        အရမ်းစိတ်လှုပ်ရှားတာပေါ့။ စစ်ပွဲဆိုတော့လည်း သူထိ၊ ကိုယ်ထိ။
        ကိုယ့်သူငယ်ချင်းတွေထိတော့ နည်းနည်း ဒီပရက်ရှင် (Depression) တွေ၊ ဘာတွေ
        ဝင်သွားသေးတယ်။ ဘာလဲပေါ့၊ ဒီလိုမျိုးကြီးတွေ ထိတာလားပေါ့။ အစ်ကိုတွေက
        မင်းစိတ်ဓာတ်မကျနဲ့ ဆိုပြီး အားပေးတယ်။ နောက်ပိုင်းကျတေ့ာ ဒီ ‘စကစ’
        ဆိုတဲ့အသံ ကြားတာနဲ့တင် ပစ်ချင်ခတ်ချင်နေတာ” လို့ လီပိုင်က ပြောပါတယ်။
      
      
        ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ ကြီးပြင်းခဲ့တဲ့
        ရဲဘော်ညကို့ကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက KNLA တပ်ထဲဝင်ရောက်ခဲ့ပြီး
        လက်ရှိမှာ အန္တရာယ်များတဲ့ ရှေ့တန်းကာကင်းတစ်ခုမှာ တပ်ခွဲမှူးအဖြစ်
        တာဝန်ယူထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ သူ့ရဲ့ရည်မှန်းချက်တွေ
        ပိုပြီးခိုင်မာလာခဲ့ပါတယ်။
      
      
        “ကိုယ်စွန့်လွှတ်လိုက်ရတယ်ဆိုလည်း ဘာမှမဖြစ်ပါဘူး။ ဒီအာဏာရှင်ကြီး
        ကျဆုံးဖို့အတွက်ကိုပဲ ကျွန်တော်တို့ လာခဲ့တာလေ။ ကျွန်တော်တို့အသက်ကိုပါ
        စတေးပြီးတော့ လာခဲ့တာမို့လို့ ဘယ်လိုပဲဖြစ်နေပါစေ၊ ကျွန်တော်တို့
        သေသွားသော်ငြားလည်း ကျွန်တော်တို့ မြင့်မြတ်တယ်လို့ပဲ သဘောထားမယ်” လို့
        ရဲဘော်ညကို့က ပြောပါတယ်။
      
      အနာဂတ်အတွက် အိပ်မက်ကိုယ်စီ
      
        လူငယ်အတော်များများဟာ တရားမျှတမှုနဲ့ နိုင်ငံအတွက်
        တိုက်ပွဲဝင်နေချိန်မှာတောင် သူတို့ရဲ့ ကိုယ်ပိုင်ဘဝတွေအတွက် အိပ်မက်ကိုယ်စီ
        ရှိနေကြပါတယ်။ တော်လှန်ရေးပြီးလို့ အသက်ဆက်ရှင်နေသေးတယ်ဆိုရင်
        သူငယ်ချင်းတွေနဲ့ စီးပွားရေးလုပ်ငန်းလေးတစ်ခုလုပ်ဖို့ လီပိုင်
        ဆုံးဖြတ်ထားပါတယ်။
      
      
        
        
          
            
              “အသက်ရှင်လျက်ကျန်ခဲ့တဲ့ ရဲဘော်တွေအကုန် စုပေါင်းပြီးတော့
              ကျွန်တော်တို့က လူငယ်ဆိုတော့ ဂိမ်းတွေဘာတွေ ကြိုက်တော့၊
              ဂိမ်းဆိုင်လေးပဲဖြစ်ဖြစ်၊ Tea Shop တို့ဘာတို့ အဲဒါမျိုးလေးတွေ
              ဖွင့်ချင်တယ်။ အကုန် စုပြီးတော့ပေါ့ အတူတူနေမယ်”
            
            
              ညကို့ကတော့ တိုက်ပွဲတွေပြီးသွားရင် ကရင်ပြည်နယ်နဲ့
              အနာဂတ်မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ထောင့်တစ်နေရာကနေ
              ပါဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။
            
            
              “စစ်ပွဲကြီးပြီးလို့ ကျွန်တော်တို့ မသေလို့ကျန်ခဲ့ရင်လည်း
              ကျွန်တော်တို့က တာဝန်တွေ ထပ်ထမ်းဆောင်ဦးမှာပဲလေ။
              ဒီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ တစ်ထောင့်တစ်နေရာကနေ
              ပါဝင်ရမှာပေါ့”
            
           
         
       
      
        ညကို့လိုပဲ ဘာလီနဲ့ နော်စန္ဒာအေးတို့ကလည်း စစ်ပွဲအပြီး အနာဂတ်
        ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ တာဝန်ဆက်ထမ်းဖို့ ဆုံးဖြတ်ထားကြပါတယ်။
        အညာသူလေးတစ်ဦးဖြစ်တဲ့ ရဲမေမြတ်လေးကတော့ စစ်ပွဲကြီးပြီးသွားတဲ့အခါ
        ကုန်စုံဆိုင်လေးဖွင့်ပြီး မိခင်ကို ထောက်ပံ့ဖို့ စိတ်ကူးထားပါတယ်။
      
      
        “မေမေ့ကို အရမ်းချစ်တယ်လို့၊ ဒါပေမဲ့ သားသမီးတာဝန်
        မကျေပွန်ခဲ့သေးဘူးပေါ့နော်။ လုပ်ပေးချင်တယ်”… လို့ ရဲမေမြတ်လေးက
        ဝမ်းနည်းရိပ်သန်းတဲ့ မျက်ဝန်းတွေနဲ့ စကားဆိုပါတယ်။
      
      
        ကိုယ်စီရည်မှန်းချက်တွေ ဘယ်လိုပဲရှိရှိ အားလုံးရဲ့ တူညီတဲ့အိပ်မက်ကတော့
        စစ်ပွဲတွေ အမြန်ပြီးဆုံးပြီး အိမ်ပြန်နိုင်ကြဖို့ပဲ ဖြစ်ပါတယ်။
      
      
        “မြန်မာနိုင်ငံကြီး မြန်မြန်ဆန်ဆန် ငြိမ်းငြိမ်းချမ်းချမ်းနဲ့
        ကောင်းကောင်းမွန်မွန် ကမ္ဘာ့အလယ်မှာ ရပ်တည်နိုင်ပါစေလို့ ဆုတောင်းတယ်” လို့
        ရဲဘော်ဘာလီက ပြောပါတယ်။
      
      
        မယ်လဒုက္ခသည်စခန်းမှာ ကြီးပြင်းခဲ့ရတဲ့ ရဲဘော်ညကို့ရဲ့ ဆုတောင်းကလည်း မြန်မာနိုင်ငံ
        အမြန်ဆုံး ငြိမ်းချမ်းဖို့ပဲ ဖြစ်ပါတယ်။
      
      
        “မြန်မာနိုင်ငံကြီး အမြန်ဆုံး အေးချမ်းစေချင်တယ်။ ကျွန်တော်တို့
        လူရယ်လို့ဖြစ်လာကတည်းက ကိုယ့်အိမ် ကိုယ့်ရာရယ်လို့ အတည်တကျ နေခဲ့ရတာမျိုး
        မရှိဘူး။ အဲဒီအတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံကြီး အမြန်ဆုံး
        အေးချမ်းပါစေလို့ပဲ ဆုတောင်းချင်တယ်”